Friday, November 28, 2008

ကျွန်မနဲ့ ယောင်္ကျားနဲ့မိန်းမ

ကျွန်မက မိန်းမ၀ါဒီတစ်ယောက်လည်းမဟုတ်ပါဘူး.. မိန်းကလေးမှကောင်းတယ်.. မိန်းကလေးမှမှန်တယ်ဆိုတဲ့ အတင်းကန့်လန့်တိုက် တွေးခေါ်နေတဲ့ သူတစ်ယောက်လဲ မဟုတ်ပါဘူး.. ကျွန်မအယူအဆအနေနဲ့ ယောင်္ကျား မိန်းမဆိုတဲ့ Gender ၂ခုထဲ (ထိုင်းက third gender တွေကတော့ ချွင်းချက်ပေါ့လေ) ကြည့်ပြီးမဆုံးဖြတ်တက်ဘူး.. အားလုံးဟာ လူတစ်ဦးချင်းဆီနဲ့ပဲ ဆိုင်တယ် ထင်တာပဲ... ကွန်မ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ပါတယ်.. ကျွန်မ အဖေ့ကို သိပ်ချစ်ပါတယ်..ကျွန်မမှာ ယောင်္ကျားလေးသူငယ်ချင်းအလွန်များပါတယ်.. ဒါပေမဲ့ ပက်ဝန်းကျင်ရဲ့ ယောင်္ကျားမိန်းမ အပေါ်မှာ ခွဲခြားထားတဲ့ သဘောတရားတွေကတော့ ကွန်မကို အတော်စိတ်ပျက်စေတယ်။

ယောင်္ကျားလေးပြောတော့သတင်း ... မိန်းကလေးပြောတော့အတင်း။
ယောင်္ကျားလေး ဆေးလိပ်အရက်သောက်တော့ အလုပ်ပင်ပန်းလို့ ... မိန်းကလေးသောက်တော့ မိန်းမပျက်။
ယောင်္ကျားလေးဆိုးတော့ သားယောင်္ကျားလေးပဲ မထူးဆန်းပါဘူး ... မိန်းကလေးဆိုးတော့ မိန်းမတန်မဲ့အေ။
ယောင်္ကျားလေး ပိုက်ဆံဖြုန်းတော့ အပေါင်းအသင်းနဲ့ဆုံတော့လဲ ... မိန်းကလေးသုံးတော့ စီစီစစ်စစ်မရှိဘူး။
ထားလိုက်ပါ။ ဒါတွေကတော့ အဓိက မြန်မာပြည်ကလူတွေ သက်မှတ်တာတွေ။ ဆိုးတာက အိမ်ထောင်ရေးလောကမှာ ဒါမျိုးအတွေးအခေါ်တွေကို ဆွဲယူလာတက်တာ သိပ်ဆိုးတာပဲ။ ခုခေတ်ကြီးမှာ အိမ်ထောင်သည်မိန်းမလို့ဖြစ်လာရင် မိသားစု တာဝန်ကို တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ အလုပ်ထွက်လုပ်ကြရတယ်။ မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့လေ။ ဟော ပိုက်ဆံရှာတော့ မောင်တစ်ထမ်းမယ်တစ်ရွက်၊ အိမ်အလုပ်လဲကျရော ဒါမိန်းမအလုပ်တဲ့။ ကလေးထိမ်းဖို့လဲ မိန်းမအလုပ်။ ကြားထဲက သူတို့ကို ပြုစုရသေး။ ဒါကျတော့ မောင်က ၀င်မထမ်းတော့ဘူးလား..။ မိန်းမက အလုပ်က ပင်ပင်ပန်းပန်းပြန်လာ အိမ်ရောက်တာနဲ့ ကလေးထိမ်း.. အ၀တ်လျှော် .. ထမင်းဟင်းချက်.. ယောင်္ကျားကျတော့ ယောင်္ကျားသဘာဝ အိမ်ရှေ့ခန့်ခန့်ကြီးစာအုပ်ထိုင်ဖတ်ရင်ဖတ် မဟုတ်ရင် လဘက်ရည်ဆိုင် အရက်ဆိုင်သွား။ ဒါတောင် ပိုက်ဆံရှာတာပဲ ကျေးဇူးတင်ရဦးမလိုလို။ တချို့ယောင်္ကျားတွေကျတော့ ပိုက်ဆံလဲမရှာ အိမ်အလုပ်ကျတော့လဲ မိန်းမအလုပ်ပဲ..။ နိုင်ငံရေးတွေပြောပြီး ဟေးလားဝါးလား လူတွင်ကျယ်လုပ်။ ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေကြတယ်..။ ဘယ်လောက်ပဲဟန်ဆောင်ကောင်းကောင်း မိန်းမလုပ်စာထိုင်စားနေတဲ့ ယောင်္ကျား ဘယ်သူမှအထင်မကြီးဘူး။

နောက်တစ်ခုက ကျွန်မဖတ်ဖူးတဲ့ မဂ္ဂဇင်းတစ်အုပ်ထဲမှာ အဲဒီလူကကုန်တင်ကားမောင်းတယ်။ အဝေးပြေးကားဆိုတော့ အိမ်က ထွက်ပြီဆို ၂ပတ်လောက်ကြာတက်တယ်.။ နောက်တစ်ယောက်က ရယ်စရာတို့ သောကြာမဂ္ဂဇင်းတို့မှာ သဘောင်္သားအတွေ့အကြုံတွေရေးတဲ့ သင်္ဘောသားအငြိမ်းစား စာရေးဆရာတစ်ယောက်။ သဘောင်္သားဆိုတော့ ပိုဆိုးတာပေါ့။ နှစ်နဲ့ချီကြာတက်တာ။ ဟော.. အဲဒီမှာပဲ အဲ့ဆရာနှစ်ယောက်လုံးဟာ ယောင်္ကျားလေးဆိုတာ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိန်းမတကာနဲ့ ရှုပ်ပါတယ်။ ဒါတွေကို သူတို့ကိုယ်တိုင်ကို လူတကာဖတ်တဲ့ မဂ္ဂဇင်းထဲ ဂုဏ်ယူဝံ့ကြွားစွာရေးထားတာပါ။ အိမ်ကမိန်းမကတော့ သူ့ယောင်္ကျားရေးတာတွေပဲ မဖတ်တာလား။ ကြောက်လို့ပဲ ညိမ်ခံနေကြသလားတော့မသိဘူး။ ကျွန်မပြောချင်တာက လူနှစ်ယောက်ခွဲနေကြရပြီဆို တစ်ယောက်ပဲဝေးတာလား.. ကျန်ခဲ့တဲ့သူလဲ ဝေးတာပဲ။ သူတို့လိုပဲ မိန်းမတွေသာ နေခဲ့ရင် လောကမှာ လူသတ်မှုတွေကို တန်းစီနေမှာပဲ။ သင်္ဘေားသားမိန်းမတွေ ဖောက်ပြန်တဲ့စာမျိုးတွေ ခဏခဏဖတ်ဖူးတယ်။ အဲ့သင်္ဘေားသားတွေကျတော့ရော ဖောက်ပြန်တယ်လို့မခေါ်ဘူးလား(သင်္ဘောသားတိုင်းကိုမဆိုလိုပါ)။

ကျွန်မတလောက အမေနဲ့ အမေ့သူငယ်ချင်းတစ်ယောက်ကို လေဆိပ်လိုက်ပို့တယ်။ သူ့ယောင်္ကျားနဲ့ ကလေးတွေလဲ ပါတယ်။ အဲ့ဒီအန်တီတစ်ယောက်ပဲ ပြန်တာပါ။ ၀ိတ်တွေချိန်ဖို့လဲ ဖြစ်လာရော ထရော်လီပေါ်ကနေ မိန်းမကအတင်းမနိုင်မနင်းတစ်ယောက်တည်းဆွဲချပြီး ချိန်။ တင်တော့လဲ ထိုနည်းလည်းကောင်း။ အမေတို့ကပဲ မနေနိုင်လို့ဝင်လုပ်ပေးရတယ်။ သူ့ယောင်္ကျားကတော့ ဘေးမှာ မိန့်မိန့်ကြီးလက်ပိုက်ပြီး ရပ်ကြည့်နေတယ်။ တုတ်တုတ်တောင် မလှုပ်ဘူး.။ ကျွန်မကလဲ အဲ့ချိန်အနားမရှိတော့ အမေနဲ့ အမေ့သူငယ်ချင်းတစ်ယောက်က ပြန်ပြောပြတာပါ.။ သူ့ယောင်္ကျားသာ အဲလိုလုပ်လို့ကတော့ အမှုံ့ကြိတ်ပလိုက်မယ်တဲ့။

အဓိကကတော့ လူတစ်ဦးချင်းဆီကြည့်လို့ ဒီလူစိတ်ထားကောင်းတယ်ဆိုရင်တောင် ယောက်ျားမိန်းမ ခွဲခြားချက်တွေထဲက ရုန်းမထွက်နိုင်သမျှ ဒီလူဟာ ယောင်္ကျားကောင်းမဖြစ်နိုင်ပါဘူး။ တစ်ခါတလေ ယောင်္ကျားတွေ သိသင့်တယ် ထင်တယ်.။ သူတို့အလုပ်လုပ်တာက တစ်ရက်မှာ ၈နာရီ.။ အလွန်ဆုံး ၁၂ နာရီ။ မိန်းမတွေမှာတော့ တစ်ရက်ကို ၂၅ နာရီလောက် လုပ်နေရတယ်လို့များပြောရင် ဒါပဲ မိန်းမတွေ ကိုယ့်ဘက်ကိုယ်ယက်တက်တာလဲ မိန်းမတွေလို့များ ပြန်ပြောမလားမသိဘူး။

No comments: