Thursday, November 20, 2008

ကျွန်မ ကြောက်တက်လာပြီ

ကျွန်မတို့ငယ်ငယ်တုန်းက တပ်မတော်သားကြီးတွေနဲ့ ရန်ဖြစ်ဖူးတယ်။ ရှိလှမှ ကျွန်မ အသက် ၇နှစ်ပေါ့။ ကျွန်မတို့ ကျောင်းနဲ့ စစ်တပ်ဝန်းက ကပ်ရက်။ အလယ်မှာ ခြံစည်းရိုးတော့ ၂ထပ်ကာထားတယ်ထင်ရဲ့။ စစ်တပ်ဝန်းထဲမှာ ဇီးချိုသီးပင်တွေ တော်တော်များများကိုရှိတယ်။ ခြံစည်းရိုးက ၂ထပ်ဆိုပေမဲ့ သံဆူးကြိုးတွေနဲ့ ကာထားတာဆိုတော့ ကျွန်မတို့ ကိုယ်လုံးသေးသေးလေးတွေအတွက်တော့ အေးအေးဆေးဆေး ၀င်ထွက်နိုင်တယ်။ နေ့လည်ခင်း ထမင်းစားချိန်ဆို ကျွန်မတို့တွေအဖွဲ့လိုက်ကြီး စပ်တပ်ဝန်းထဲခိုးခိုးဝင်ပြီး ဇီးသီးတွေကောက်ကြတယ်။ တစ်ခါတလေ စစ်သားကြီးတွေက တွေ့ပေမဲ့ မမြင်သလိုပဲ နေပေးကြပါတယ်။ မမှားဘူးဆို အဲ့နားက စစ်တပ်အိမ်သာတွေ ရှိတဲ့ဘက်နားပဲ။

တစ်ရက်တော့ ကျွန်မတို့ ဇီးသီးတွေအလုအယက်ကောက်နေကြတုန်း စစ်သားသုံးလေးယောက်ရောက်လာပြီး ကျွန်မတို့ကို အော်တော့တာပဲ။ ကျွန်မတို့ကလဲ ကိုယ်ကလဲ မှားသေး။ အပြောတော့မခံဘူးဆိုတာမျိုး။ လူတွေကဖြင့် စစ်သားကြီးတွေ ခါးလောက် ရှိတယ်။ သူတို့ တစ်ခွန်းနှစ်ခွန်းပဲ ပြောရသေး။ ကျွန်မတို့ပြန်အော်တာ သူတို့ ဘာမှကို ပြန်ပြောချိန်မရလိုက်ဘူး။ပြီးတော့ ပြေးကြတာ ခြံစည်းရိုးနဲ့ စကပ်တွေလဲညိပြီးပြဲ။ ဖီးသီးတွေကတော့ တစ်လုံးမှ မကျကျန်စေရဘူး။ အဲ့လောက် အစားမက်ကြတာ။ ကျောင်းဆင်းချိန်လဲကျရော ကျွန်မတို့ ဇီးသီးခိုးကောက်တဲ့ လက်လေးတွေ ဘယ်နှချက်လဲ မသိရိုက်ခံကြရပါတယ်။ စစ်တပ်က ကျောင်းအုပ်ကြီးကို လာတိုင်လို့တဲ့။ ဒါလဲ ပျော်ပျော်ပါပဲ။ ရိုက်ရိုက်ပေါ့။ တစ်ပြိုင်ထဲတော့ ကတိပေးကြတာပဲ နောက် မလုပ်တော့ပါဘူးလို့။

အဲ.. ညနေကျတော့မှ။ အဲဒီမှာ စတွေ့တော့တာပဲ။ အိမ်ပေါ်လဲတက်ရော စစ်သားကြီး(ဘိုကြီးတွေလား မမှတ်မိတော့) ၃ယောက်လား လေးယောက်လားမသိ။ အိမ်ပေါ်မှာ ငုတ်တုတ်။ အဲ... ထိုင်ခုံတွေပေါ် ထိုင်နေတာပါ။နေ့လည်က ကျွန်မတို့ကို အော်တဲ့ စစ်သားကြီးတွေလဲ ပါရဲ့။ ဇီးသီးဝင်ကောက်တာ ဒီစက်ရုံထဲက ကလေးတွေမှန်း ကျောင်းအုပ်ကြီးဆီကနေ သိလိုက်ရလို့တဲ့လေ။ ကျွန်မတော့ ဂရုတောင် မစိုက်ဘူး။ ကော့ကော့ ကော့ကော့နဲ့ အိမ်ထဲဝင်သွားလိုက်တယ်။ အဖေရှိတယ်လေ။ အဖေရှိရင် ကျွန်မ ဘာမှမကြောက်ဘူး။ စစ်သားကြီးတွေက စက်ရုံကိုလာတိုင်တော့ အဖေ့ကို လာတိုင်ကြတာကိုး။ အဲ့ကျမှ သူတို့လာတိုင်တဲ့ကလေးက အဖေ့သမီးမှန်းသိကြတယ်တဲ့။ အဲ့တော့လဲ သူတို့က စစ်တပ်ဆိုတာ အန္တရာယ်များလို့ ကလေးတွေအတွက်စိုးရိမ်လို့ သတိပေးရတာပေါ့။ အဖေ့ကိုလဲ ဆရာချင်းထပ်အောင် ခေါ်သွားကြသေး။

အဲ့တုန်းက ဗိုလ်ကြီးတစ်ယောက်ဟာ အင်ဂျင်နီယာအရာရှိတစ်ယောက်ကို မကြောက်တောင် ရိုသေသမှုရှိတယ်။ လေးစားစိတ်ရှိတယ်။

နောက်ပိုင်းမှာတော့ မြို့ကြီးပြကြီးဆိုတဲ့ ပျော်စရာနတ္တိနေရာတွေကို ကျွန်မတို့ အခြေချနေထိုင်လာတဲ့ အချိန်တွေမှာတော့ အဖေဟာလဲ ဘာမဟုတ်တဲ့ ဗိုလ်(တိတိကျကျပြောရရင်တော့ ဗိုပြုတ်)ဆိုတဲ့ ခြေပြတ်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို အလူးအလဲ ခံခဲ့ရဖူးတယ်။ ကျွန်မတို့လဲ ဗိုလ်ကြီးတွေ သေနတ်ကြီးတွေနဲ့ ယူနီဖောင်းနဲ့ လူတွေတွေ့ရင် ခေါင်းလေးငဲ့ပြီး ရင်တဒိန်းဒိန်းနဲ့ မသိချင်ယောင်ဆောင်ခဲ့ရတယ်။ နိုင်ငံတော် အကြီးအကဲဆိုတဲ့လူကြီး ကျောင်းကိုလာတော့လဲ မချစ်သော်လဲ အောင့်ခါနမ်း မအော်မနေရ "ဘဘဗိုလ်ချုပ်ကြီး ဘလာဘလာ ကျမ်းမာပါစေ ချမ်းသာပါစေ " ဆိုတာမျိုး လည်ပင်းကွဲအောင် လေ့ကျင့်အော်ခဲ့ရဖူးတယ်။ (ကံကောင်းချင်တော့ နောက်ဆုံး ၀တ်စုံပြည့်လေ့ကျင့်တဲ့နေ့ပဲ ကွင်းထဲ ကျွန်မမူးလဲလို့ တကယ်လာတဲ့နေ့မှာ မအော်လိုက်ရတော့ဘူး)။

ခု နှစ်ဆယ်ရာစု နောက်များ ခေတ်မှာတော့ ကျွန်မတို့ စစ်ဗိုလ်ကြီးတွေ မပြောနဲ့ စစ်သားပေါက်စလေးတွေကိုတောင် ရဲရဲလိုက်ပြူး မကြည့်ရဲတော့ပါဘူး။ ကိုယ်ကတော့ "ငါကွ"ဆိုပြီး ပြူးကြည့်လိုက်တာက ခဏ။ သူတို့က "ဒိန်း" ဆိုဆင်ခြင်မဲ့အရင် ပစ်လိုက်မှ "အား" တောင်မအော်နိုင်ပဲ ရန်တောင် တွေ့ချိန်ရလိုက်မှာ မဟုတ်ဘူး။ ခုဆိုကျွန်မ ကော့ကော့ ကော့ကော့လဲ မလျှောက်ရဲတော့ပါဘူး။ ကျွန်မကြောက်တက်လာပါပြီ။ ကျွန်မကို ကာကွယ်ပေးမဲ့ အဖေလဲ မရှိတော့ပါဘူး။

No comments: