Sunday, June 22, 2008

ငြိမ်းချမ်းရေးနဲ့ ခွေးရူးတစ်စု

မုန်တိုင်းကြောင့်သေတဲ့သူတွေလဲသေ၊ ရှင်ကျန်ခဲ့တဲ့လူတွေကျတော့လဲ ဘယ်လောက်ကြာကြာခံပါတော့မလဲ။
မြန်မာနိုင်ငံကြီးဟာ နောင်ဆို ဘယ်လိုအခြေအနေနဲ့များ ဆက်လက်ရပ်တည်သွားတော့မလဲ။ မြန်မာပြည်ရဲ့ဆန်အိုးကြီးဟာလဲ ခုဆို သူတောင်းစားခွက်တစ်ခုအခြေအနေ ဖြစ်သွားပြီ။
လမ်းဘေးတစ်လျှောက်တောင်းစားနေတဲ့လူတွေ ကောက်ယူဖယ်ရှားမဲ့သူမရှိတဲ့ လူသေအလောင်းတွေနဲ့ ရုပ်ပျက်စင်းပျက်ပါပဲ။
မြန်မာနိုင်ငံကြီးနဲ့ မြန်မာလူမျိုးတွေ ဘယ်လိုရှေ့ဆက်စခန်းသွားရမယ်ဆိုတာ အတွေးထဲရောက်လာတာနဲ့ ဘာမှရှေ့ဆက်လုပ်လို့မရလောက်အောင်ကို ထုံကျဉ်လာတော့တာပဲ။ စဉ်းစားမိတယ် ငါလို ဘာမဟုတ်တဲ့လူတစ်ယောက်တောင် မြန်မာနိုင်ငံအတွက် ဒီလောက် ပူပန်နေရတာ၊ ခုချိန်မှာ မြန်မာနိုင်ငံရဲ့ မိဘလိုနေရာမျိုးလို့ဆိုထိုက်တဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေကတော့ သူတို့နဲ့မဆိုင်သလိုနေနိုင်လိုက်တာ။ မဆိုင်သလိုနေနေရင်တောင် ဒီလောက် မေတ္တာပို့ခံရမယ်မထင်။ ခုတော့ နိုင်ငံတကာ အကူအညီတွေကိုလဲ တားဆီးယုံမက ဖြတ်တောင်စားလိုက်သေး။ တခြားနိုင်ငံသားတွေရှေ့ ဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ဘူး။ ရှက်စရာကောင်းလိုက်တာ။ နိုင်ငံသားအချင်းချင်းကူညီတဲ့သူတွေ တချို့ဆို ထောင်ထဲတောင်ရောက်ရသေး။ အဓိပ္ပါယ်မရှိလိုက်တာ။ ဘာပဲဖြစ်ဖြစ် ဒီလို အောက်တန်းစားတွေ ကိစ္စတစ်ခုကို ဒီလိုပဲ ဖြေရှင်းနိုင်လောက်အောင်ကို သူတို့မှာ ဦးနှောက်မရှိတာ သိသိကြီးနဲ့ကိုပဲ လက်တွေ့ကြုံလာရတဲ့အခါကျတော့လဲ ဒဂယ်ကို သည်းမခံနိုင်ပြန်ဘူး။ သူတို့မှာလဲ စားမကုန်သောက်မကုန်အောင် ပြည်သူတွေဆီက ဂုတ်သွေးစုပ်ပြီးနေပြီ။ မ၀ကြသေးဘူးလား။ သူတို့ဘာကြောင့် ခေါင်းဆောင်ကောင်းဆိုတဲ့ ဂုဏ်ကိုကျတော့ မမက်ရတာလဲ။
ခုတော့ မြန်မာပြည်ကြီး ဘယ်လို ရှေ့ဆက်ရပ်တည်သွားတော့မလဲ။ အဓိကဖြစ်တဲ့ ပညာရေးပိုင်းကိုပြောင်းလဲပစ်ဖို့ကျတော့လဲ နောင် အနှစ် ၄၀ တောင် ဖြစ်လာနိုင်ပါ့မလား။ ကျွန်မသူငယ်ချင်းတစ်ယောက်ကပြောတယ်။ မြန်မာနိုင်ငံကြီးကို လုံးဝပြောင်းလဲပစ်ချင်ရင်တော့ မြန်မာလူမျိုးတွေ အားလုံးကို သတ်ပစ်မှပဲရမယ်တဲ့။ ဒီစကားက အဓိပ္ပါယ်မဲ့ချင်မဲ့နေမယ်။ ဒါပေမဲ့ ဒါက အကောင်းဆုံးနည်းလမ်းပဲ။ ခုတော့ လူတွေအားလုံးဟာ ဒီအနေအထားတွေနဲ့ပဲ နေသားကျနေကြပါပြီ။ ခုချက်ချင်းသာ မြန်မာနိုင်ငံကို စစ်မှန်သော ဒီမိုကရေစီပေးကြည့်၊ မြန်မာနိုင်ငံဟာ စစ်မြေပြင်ဖြစ်သွားမယ်။ လူတွေကရော သူတို့နေသားကျနေတဲ့ ဘ၀တွေကနေ ရုန်းထွက်ဖို့ အဆင်သင့်ရှိနေမယ်ထင်သလား။ စာရိတ္တပိုင်းမှာတော့ မြန်မာလူမျိုးတွေဟာ တော်တော်ပျက်စီးနေကြပါပြီ။ ကလေးငယ်တွေ စာရိတ္တပိုင်းမှာ အစပျိုးသင်ကြားပေးမဲ့ ဆရာ၊ဆရာမတွေကအစ စာရိတ္တပိုင်းမှာ ပဲ့ရွဲ့နေကြမှတော့ ကျွန်မတို့ ဘာကို မျှော်လင့်ရဲတော့မှာလဲ။
နောက်တစ်ခုက မြန်မာလူမျိုးဟာ သိပ်စိတ်ကူးယဉ်ဆန်တယ်လို့ ကျွန်မတော့ မြင်တယ်။ ကျွန်မမှားတာလဲ ဖြစ်ရင်ဖြစ်နိုင်တယ်။ လူတစ်ကိုယ် အတွေးတစ်မျိုးကိုး။ September အရေးတော်ပုံဆို ဘုန်းဘုန်းတွေ ဘယ်နှပါးမှန်းတောင် စာရင်းအတိအကျမသိ ပေးလှူသွားလိုက်တဲ့ အသက်တွေ။ မတန်ဘူးရှင့်။ လုံးဝကို မတန်တာ။ မြန်မာပြည်က ငြိမ်းချမ်းသော နိုင်ငံ၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမေစု၊ ငြိမ်းချမ်းသော ပြည်သူလူထုနဲ့ကို ငြိမ်းချမ်းခြင်းတွေထဲကကို ရုန်းမထွက်နိုင်တော့ဘူး။ မကောင်းဘူးမဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရင်ဆိုင်နေရတာ ဒီလို လူလိုသူလိုပြောလို့ နားလည်မဲ့အစားမျိုးမဟုတ်ဘူးရှင့်။ သူတို့က အာဏာကို အမဲရိုးတစ်ခု အလုခံရမှာကြောက်နေတဲ့ ခွေးရူးတွေလိုဖြစ်နေကြတာ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာ ခွေးရူးကို သွားဖြဲပြနေတာနဲ့အတူတူပဲလို့ထင်တယ်။ ခွေးရူးရှေ့သွားဖြဲပြနေလို့ကတော့ ခွေးရူးကကိုက်လွှတ်မှာပဲ။
ဒါကိုပဲ ကွန်မတို့လူမျိုးတွေက အကောင်းဘက်က တွေးပျော်ကြသေး။ ဘုန်းဘုန်းတွေအသက် အလကားမဖြစ်ပါဘူး။ ဘာပဲပြောပြော နိုင်ငံတကာကသိသွားပြီပေါ့လေ။ နိုင်ငံတကာက ဘာလုပ်ပေးမှာမို့လို့လဲ။ ကွန်မတို့နိုင်ငံမှာ ဘာတွေများ မက်မောစရာရှိနေလို့ နိုင်ငံတွေက အမုန်းခံပြီး ၀င်သောင်းကြမ်းပေးမယ်လို့ မျှော်လင့်နေကြတာလဲ။

No comments: