Sunday, June 22, 2008

အိမ်

အမေနဲ့ ကျွန်မတို့မောင်နှမတွေ အဖေတာဝန်ကျရာ မြို့လေးကို ပြောင်းလာတော့ အဖေတာဝန်ထမ်းဆောင်ရမဲ့ စက်ရုံကြီးရဲ့ ရှေ့နားကကုန်းပေါ်မှာ တစ်အိမ်ထဲ သီးသန့်တည်ရှိနေတဲ့ ၀န်ထမ်းအိမ်ယာတစ်လုံးမှာ ယာယီနေထိုင်ခဲ့ရပါတယ်။ အိမ်တစ်လုံးဆိုပေမဲ့ တိုက်ခန်း ၂ခန်းတွဲပါ၊ ဘေးခန်းကတော့ စက်ရုံရဲ့လုံခြုံရေးအလုပ်သမား ဦးနိုင်အောင်ဖေနဲ့ သူ့ဇနီး ဒေါ်စိန်သီး နဲ့ သူတို့ ရဲ့ သားနဲ့သမီး ကျော်ဖေနဲ့ ပွင့်သူတို့ မိသားစု နေတယ်လို့ အဖေက ပြောပြပါတယ်။

အဲ့မြို့လေးကို ရောက်ရောက်ချင်းမှာပဲ မြို့လေးရဲ့ဘုရားပွဲနဲ့ တိုးခဲ့ရပါတယ်။ တစ်မိသားစုလုံးက ပွဲမကြိုက်တက်တဲ့သူတွေမို့ အိမ်ရှင်း ပစ္စည်းတွေ နေရာချနဲ့ပဲ အလုပ်များနေခဲ့ပါတယ်။ ညနေစောင်းတော့ ဘေးခန်းက ဦးနိုင်အောင်ဖေ သူ့ဇနီးနဲ့ ကျွန်မနဲ့ ရွယ်တူလောက်ရှိမဲ့ သူတို့ရဲ့သား ကျော်ဖေ တို့ ဘုရားပွဲသွားဖို့ အမေနှင့် အဖေကို လှမ်းနှုတ်ဆက်ရင်း အတူသွားကြဖို့ခေါ်ပါတယ်။

အဖေက "မလိုက်တော့ပါဘူးဗျာ... အိမ်မှာလုပ်စရာလေးတွေ ကျန်နေသေးလို့ပါ" ..... လို့ပြောတော့ ဦးတင်မောင် သားလေးက ကွန်မကို သနားပါတယ်ဆိုပြီး လျှာထုတ်ပြောင်ပြသွားသေးတယ်။ ဒီကောင်လေး အရမ်းဆိုးတာပဲ။ ကျွန်မတော့ လုံးဝကို ကြည့်လို့မရဘူး။ကျွန်မလဲ သူတို့မိသားစု ထွက်ခွာသွားတာ ငေးကြည့်ရင်း အိမ်ရှေ့မှာ ရေနွေးသောက်နေတဲ့ အဖေ့ကို မရှင်းတာလေး လှမ်းမေးမိလိုက်တယ်..။

"အဖေ....အဖေပြောတော့ သူတို့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတာဆို.. ဘာလို့ သူတို့သမီးလေးကျတော့ မခေါ်သွားတာလဲဟင်"

"အငယ်မလေးက မွေးတုန်းက မသန်မစွမ်းလေး သမီးရဲ့... လမ်းလဲမလျှောက်နိုင် စကားလဲ မပြောနိုင်ဘူးလေ"

"ဟယ်.... သနားပါတယ် ဖေဖေရယ်"

"သနားရင် သမီးလေးက အားရင် ညီမလေးကို အဖော်သွားသွားလုပ်ပေးပေါ့ သမီးရဲ့... အခုလဲ ကလေးကို တစ်ယောက်ထဲ ထားခဲ့တယ် ထင်ပါတယ်ကွယ်"

ဟင် သနားပါတယ်... ကျွန်မတော့ တစ်ယောက်ထည်းမနေရဲပါဘူး။ မီးပျက်တာနဲ့ အနားမှာရှိတဲ့ အဖေ ဒါမှမဟုတ် အမေ့ရင်ခွင်ထဲ ပြေးဝင်လိုက်တာပဲ....။

အဲဒီညက ဟိုဘက်အိမ်မှာ သားအမိသားအဖတွေ ညတော်တော်မိုးချုပ်မှ ပြန်ရောက်လာကြပါတယ်။ ရောက်ပြီး မကြာဘူး စကားများသံတွေက ဆက်တိုက်ဆိုသလို ထွက်လာကြပါတယ်။

"မင်းကိုငါ မသွားခင် သမီးကို ထမင်းကျွေးခဲ့ပါပြောရက်နဲ့ကွာ..... ကလေးက ဆာနေတော့မှာပေါ့"

"ကျွန်မကလဲ မကြာဘူး ထင်လို့ပေါ့တော်.. ရှင့်သားပွဲကြည့်မယ်ဆိုထဲက ပြောသားပဲ.. ရှင်ပဲ ကြည့်ပါစေဆို.. ခုတော့ ကြာတော့ ကျွန်မကို အပြစ်ပြောတယ်"

"တော်စမ်းကွာ...အော်မနေနဲ့ ဘေးခန်းက ဆရာတို့အားနာဖို့ကောင်းတယ်''
"................ ...................... ........"
"..... ...."

....*........*............*.......*.....

ဒီနေ့ကတော့ ကျွန်မအပျော်ဆုံးနေ့ေ ပါ့။ သူငယ်ချင်းအသစ်တွေရတော့မယ်လေ။ အဖေနဲ့ အဖေက ကွန်မကို ကျောင်းလိုက်အပ်ပေးရင်း ကျောင်းခေါင်းလောင်းထိုးတော့ အတန်းပိုင်ဆရာမကို အပ်ခဲ့ပြီးပြန်သွားကြပါတယ်။ ကျွန်မလဲ ကျောင်းသူအသစ်တို့ရဲ သဘာဝအတိုင်း ဘေးက ကျောင်းသူကို အတင်းမိတ်လိုက်ဆက်ရတော့တာပဲ။ အဲ့ အချိန်မှာပဲ ဆရာမက....

"ကဲ ... ဘယ်မှာလဲ .... သောကြာနေ့က ပေးလိုက်တဲ့ အိမ်စာတွေ .. စာအုပ်လဲ တစ်အုပ်မှ လာမထပ်ကြပါလား"
".............. ..................... ..................... "

ဒီကျောင်းကကျောင်းသားတွေ ပျင်းလိုက်ကြတာ။ ကျွန်မအရင်ကျောင်းလေးတုန်းကဆို ဆရာမမလာခင် ကိုယ့်စာအုပ် အရင်ဆုံးဖြစ်ဖို့ သူ့ထက်ငါ အလုအယက် စာအုပ်ထပ်ကြရတာ။

"ဘယ်လိုလဲ တစ်ယောက်မှ မလှုပ်ကြပါလား.... ကြည့်ရတာ စနေ တနင်္ဂနွေ ပွဲကိုက်ကြတယ်ထင်တယ်.... ဟုတ်လား"

ဆိုမှ အသံလေးတွေ ဟိုက ဒီက ထွက်လာကြပါတယ်။ အဲ့ကျမှ ကျွန်မလဲ အကြောင်းစုံကို နားလည်တော့တယ်။ ပွဲကိုက်ကြတာတဲ့။ သေချာတာပေါ့။ အားလုံး ဘယ်သူမှ အိမ်စာမလုပ်လာကြပါ။ ခဏနေတော့ ဆရာမက အားလုံးကို ခုံပေါ်တက် မက်တပ်ရပ်ခိုင်းပါတယ်။ ကျောင်းသူအသစ် ကျွန်မတစ်ယောက်ထဲ ကျန်တာပေါ့...........။ ဟင်..... ဟိုကောင်လေး ကျော်ဖေ။ ကျော်ဖေ မရပ်ရပါလား။ ကျွန်မတို့ အိမ်ဘေးက ကောင်လေး။ ဘာဖြစ်လို့ပါလိမ့်။

ဆရာမက အတန်းသားများကို ခုံပေါ်မက်တပ်ရပ်စေပြီးပဲ သူ့အတန်းချိန်ပြီးတဲ့အထိ စာသင်ပြီး ထွက်သွားပါတယ်။ အဲ့ဒီကျမှပဲ ကျွန်မလဲ ကျွန်မဘေးက ခြေခါ လက်ခါနဲ့ အညောင်းအညာဆန့်ပြီးထိုင်ချလာတဲ့ ကျောင်းသူမလေးကို ကျွန်မသိချင်တာလေး မေးမိတော့တယ်။

"ဟဲ့....... ဟို ရှေ့ဆုံးတန်းကကောင်လေးကျတော့ မရပ်ရဘူး... သူက ငါတို့ဘေးခန်းကဟ.. ကျောင်းသား အသစ်တော့ မဟုတ်လောက်ပါဘူး.. ၀န်းထဲမှာ နေတာ ကြာနေပြီမဟုတ်လား"

"ဟေးအေး....အသစ်မဟုတ်ပါဘူး.. သူက ဟိုးနှစ်ကထဲက တို့ကျောင်းမှာတက်တာ.. ၃နှစ်ရှိပြီ... "

"အဲဒါဆို သူကျတော့ ဘာလို့မရပ်ရတာလဲ...သူလဲ စာမပြီးဘူးမဟုတ်လား"

"မဟုတ်ဘူးဟဲ့....အဲ့ကောင်လေးက သနားစရာကောင်းတယ်.... သူ့အဖေက လုံခြုံရေးကလေ... သူ့ညီမလေးက အအလေးတဲ့.. လမ်းလဲမလျှောက်တက်တော့ သူပဲ ထိမ်းနေရတာတဲ့... အမေကိုဝိုင်းကူရင်း ညီမကို ထိမ်းရင်းနဲ့ စာသင်ရတာဆိုတော့ စာလုပ်ချိန်မရှိလို့ဆိုပြီး ဆရာမတွေက သူ့ကိုဆို လွှတ်ထားပေးကြတာဟ "
"အန်............."

ကျွန်မလဲ သူ့ကို ပြန်ပြောမလို့ရှိသေး... ဒုတိယအချိန် ဆရာမက ၀င်လာတာနဲ့ ဘာမှမပြောဖြစ်လိုက်တော့ပါဘူး..။ အဲ့ဒီတစ်နေ့လုံးတော့ ကျွန်မလဲ စာကောင်းကောင်းမသင်ဖြစ်လိုက်ပါ ..။
ကျွန်မပဲ နားကြားလွဲသလား။ ကျွန်မမြင်တာတွေပဲ လွဲနေသလား တွေးရင်း အဲ့နေ့ ကျောင်းချိန်ပြီးသွားခဲ့ပါတယ်။

နောက်နေ့မှ အငယ်မလေးကို စပ်စုချင်တာနဲ့ ကိုယ့်ကိုကိုယ်လူကြီးလုပ်ပြီး သွားလည်တော့မှ မြင်ရတဲ့ မြင်ကွင်းက မကောင်းလှပါ။ အိပ်ယာပေါ်မှာ ပက်လက်အနေအထားနဲ့ ကောင်မလေးရဲ့ ကိုယ်မှာ ခြင်တွေက နားနေပြီး တစ်ကိုယ်လုံးမှာလဲ ယားနာတွေ အပြည့်နဲ့ပါ။ မျက်လုံးလေးပြူးကြောင်ကြောင်နဲ့ သန်တဲ့လက်ထဲမှာတော့ ဘိုမရုပ်လေးတစ်ရုပ်ကို ကိုင်ထားပါတယ်။

အဆိုးဆုံးကတော့ ဟိုကောင်လေးက လက်ထဲမှာ ရေခဲချောင်းတစ်ချောင်းကို ကိုင်ထားပြီး ညီမရဲ့ ပါးစပ်နားကို ပို့လိုက် ကောင်မလေးက ပါးစပ်ကိုဟလိုက် သူက ပြန်ဆွဲလိုက်နဲ့ ကစားနေပါတယ်။ ရေခဲချောင်းရဲ့ အရည်တွေက တစ်စက်စက်နဲ့ ကောင်မလေး မျက်နှာပေါ်ကို ကျနေတာလဲ သူဂရုမစိုက်ပါဘူး။ ပြီးတော့ ကျွန်မကိုမြင်တော့မှ သူ့အမေကို
"အမေ.. ဒီမှာ ဧည့်သည်အကောင်းစားကြီး တစ်ယောက်ရောက်နေတယ်" လို့အော်ပြီး အိမ်အပြင်ကို ပြေးထွက်သွားပါတယ်။
ကျွန်မလဲ "ရတယ်အန်တီ..သမီး ညီမလေးနဲ့ ကစားရအောင် ညီမလေးဆီ လာလည်တာပါ"
လို့လှမ်းအော်ပြောလိုက်တော့မှ နောက်ဖေးက "သြော် အေးအေး သမီးရေ... ဟိုကောင်လေးကတော့ ညီမနားနေပါဆိုတာကို ဘယ်ထွက်သွားပြန်ပြီလဲ မသိဘူး အဖော်ကို မရဘူး" ဟု လှမ်းပြောပါတယ်။

ကျွန်မလဲ ဘယ်သူမှ မရှိတော့တာတဲ့ ကျွန်မကို မျက်လုံးပြူးလေးနဲ့ လှမ်းကြည့်နေတဲ့ ကောင်မလေးနားတိုးသွားမိတော့ ချဉ်စုတ်စုတ်အနံ့ကြီးက ကျွန်မနှာခေါင်းထဲကို အလုအယက်ဝင်လာပါတော့တယ်။ ကောင်မလေးကိုယ်က ထွက်နေတာပါ..တစ်ချို့အနာတွေက ပြည်တွေတည်လို့ ကောင်မလေးက အရှင်လတ်လတ် ငရဲကျနေတဲ့ ဘ၀မျိုးပါ။ ဆံပင်တွေကဖရိုဖရဲ ပိန်ကပ်နေတဲ့ ခန္ဒာကိုယ်နဲ့ ကျွန်မကို ပြူးကြောင်ကြောင်ငေးကြည့်နေတဲ့ ကောင်မလေးဟာ သနားစရာကောင်းသလို မှင်စာသေးသေးလေး တစ်ကောင်လိုလဲ ကြောက်စရာကောင်းနေပါတယ်။ ကျွန်မလဲ ကြာကြာမနေရဲတော့တာနဲ့ နှုတ်တောင်မဆက်နိုင်ပဲ အိမ်ဘက်ပြန်ပြေးလာမိပါတယ်။

နောက်တစ်နေ့ အမေက ဟိုဘက်အိမ်ကပြန်လာပြီး အဖေကျွန်မကို စာသင်နေတဲ့ နားလာပြီး တိုးတိုး တိုးတိုးနဲ့
"ဒုက္ခပါပဲရှင်... မြင်ရတာ စိတ်မချမ်းသာလိုက်တာ... ကောင်လေးက သူ့ညီမကို ဘာလုပ်နေတယ် ထင်လဲ"

"ဘာလို့လဲ မေကြီး" လို့ ကျွန်မက ၀င်စပ်စုတော့...

"သမီး ကိုယ့်ဟာကိုယ်စာလုပ် ကလေး အလုပ်မဟုတ်တာ ၀င်မပါရဘူး"

ဟွန်း ...မပါဘူးပေါ့..ပါးစပ်က မပါပဲ နားကပါတော့ရော..သူတို့သိတာကျလို့........။
"ဘာဖြစ်လာတာလဲကွာ"

"ဒီလိုအဖေကြီးရဲ့.. ကျွန်မက ခုန ဟိုဘက်အိမ်က အငယ်မလေး ငိုနေသံကြားလို့ သွားကြည့်တာရှင်... အမလေး.. ကောင်လေးကလေ ဆရာဝန်လုပ်တိုင်းကစားနေတာတဲ့.. သူ့ညီမကို ဘယ်ကရတဲ့ အပ်လဲ မသိပါဘူးရှင်... ကလေးမလေး လက်ဖျံကို ထိုးနေတာ သွေးတွေတောင် ထွက်လို့"

"ဟေ...ဘုရား..ဘုရား... လူကြီးတွေ မရှိကြဘူးလားဟ"
"မစိန်းသီးရှိပရှင်..နောက်ဖေးကနေ ဒီလောက် ကလေးကငိုနေတာကို ဟဲ့ တစ်ချက်လှမ်းမဟန့်ဘူး... ကျွန်မလဲ မြင်မကောင်းတာနဲ့ မစိန်သီးခေါ်ပြတော့မှ အမလေး ဘုရားလေးတပြီး သူ့သားဆီက အပ်ကို ဆွဲလွှန့်ပြီးပစ်ပြီး ဆူတော့တယ်.. ပြိးတော့လဲ ကလေးကို ဘာမှမလုပ်ပေးဘူးရှင်... နင်ကလဲ ဘာလေးဖြစ်လိုက် အာပြဲနဲ့အော်ဖို့ပဲ ဆိုပြိးတောင် ဆူသွားသေးတယ်...။ ကျွန်မက ဆေးထည့်ပေးဖို့ လုပ်တော့လဲ ရတယ် ခဏနေ ခြောက်သွားလိမ့်မယ်ဆိုပြီး ပေးမထည့်ဘူးရှင်...။ ဒုက္ခပါပဲရှင်... ။ ဒီကလေးမလေးတော့ သက်ဆိုးတောင်ရှည်ပါ့မလား မသိဘူး..။ တစ်ကိုယ်လုံးလဲ အနာတွေကြီးပဲ"

"'ဘယ်တက်နိုင်ပါ့မလဲကွာ.... မိဘနဲ့ သားသမီး.... မိဘအရင်းကမှ မကြင်တာ..ကိုယ်က ဘေးလူ.. ၀င်ပြောတော့ ကိုယ့်အလွန်ပဲ ရှိလာမှာ...အိမ်နီးချင်းလဲ ဖြစ်နေပြန်ဆိုတော့ တက်နိုင်သလောက် စောင့်ရှောက်ယုံ ရှိတော့တာပေါ့.... ကဲ .. ကဲ .. သမီး စာလုပ် .. စာလုပ်"
ဖေဖေကသာ စာလုပ်ပြောတယ်... ဖေဖေကိုယ်တိုင်လဲ ကျွန်မကို စာသင်တာမှာ စိတ်ပါဝင်စားမှုမရှိတော့ပါ။

နောက်နေ့တွေလဲ အိမ်ချင်းကကပ်နေတာဆိုတော့ ဒီကောင်လေးဘယ်လိုဆိုးတာတွေ မျက်မြင်တွေ့လာရပါတော့တယ်။ အိမ်မှာတော့ ညီမကို နှိပ်စက် ကျောင်းရောက်တော့ ဒီညီမလေး အကြောင်းပြပြီး ဆရာမတွေရဲ့ ကြိမ်ဒါဏ်တွေကနေ လွတ်အောင်ရှောင်နေခဲ့ပါတယ်.။ တက်လဲ တက်နိုင်ပါတယ်။ အကိုဖြစ်တဲ့သူက နှိပ်စက်နေတာ ထားပါဦး...။ မအေ လုပ်တဲ့သူကရော ဒီတိုင်း ကြည့်နေရက်သလား..။ နားကိုမလည်တော့ပါဘူး။

နောက်တစ်နေ့ကျမှ ၀န်းထဲက လော်စပီကာကြီးလို့ နံမည်ကြီးတဲ့ ဒေါ်နတ် အိမ်လာလည်တော့မှ ကျွန်မတို့လဲ အကြောင်းစုံသိလိုက်ရပါတော့တယ်.။ တကယ်က ဦးနိုင်အောင်ဖေနဲ့ ဒေါ်စိန်သီးတို့က ငယ်လင်ငယ်မယားတွေမဟုတ်။ နှစ်ဦးစလုံးက ပထမအိမ်ထောင်တွေ ဆုံးပါးသွားမှာ ဦးနိုင်အောင်ဖေကလဲ သမီးတစ်ယောက် ဒေါ်စိန်သီးကလဲ သားတစ်ယောက်နဲ့ လက်ထပ်ခဲ့ကြတဲ့သူတွေ။

"အဲဒါ ဘာဟုတ်သေးလို့လဲရှင်..။ အမသူတို့ အိမ် လူဘယ်နှယောက်နေလဲ သိလား။"

"သူတို့ မိသားစု လေးယောက် မဟုတ်ဘူးလား"

"ဘယ်ကသာရှင်.. ၅ယောက်ရှင့် ၅ယောက်.. ကိုယ်စိန်သီး အမေ ဒေါ်စိန်ကြည်လဲ ရှိတယ်ရှင့်.. အဘွားကြီးက သူ့မြေးမလေးဘက်က ၀င်ဝင်ပြောလို့ ၀င်ပြောရမလားဆိုပြီး အဘွားကြီးကို အခန်းတံခါးပိတ်ထားတာရှင့်"
"ဘုရား ဘုရား...... ၀ဋ်ကြီးလိုက်တာရှင်"

ကျွန်မလဲ ၀င်ပြီး
"ဟုတ်တယ်မေမေ... သူ့သားဆိုလဲ ကျောင်းမှာဆို ညီမလေး ထိမ်းရလို့ဆိုပြီး အိမ်စာ ဘယ်တော့မှမလုပ်ဘူး..ပြီးတော့ အိမ်မှာကျတော့ စော့ချည်းနေတာ"

"ဒါတင်ဘယ်ကဦးမလဲသမီးရယ်... မအေကလဲ ဈေးမှာရော အိမ်တကာမှ သူဘယ်လောက် ပင်ပန်းကြောင်း ဒီအဘွားကြီးနဲ့ ဒီဒုက္ခိတလေးကို ထိမ်းနေရတာ လျှောက်ပြောနေတာ။ ကလေးမလေးက အရင်ကအကောင်း သူနှိပ်စက်လို့ ဒီလိုဖြစ်ရတာ.... ။ "

"ရှင်...ဘယ်လို"
"ဒီလို အမရေ.. ကလေးက လင်ပါ သမီးဆိုတော့ နှိပ်စက်တာပေါ့ရှင်..ဖအေကလဲ အားနေမူးနေတာ... ပြီးတော့ မိန်းမပြောသမျှ ဘာမှမညင်း.. မိန်းမပြောသမျှ အဟုတ်ကြီးပဲ ထင်နေတာဆိုတော့ ဒေါ်စိန်သီးက ကလေးကို အားနေရိုက်နှတ်နေတော့တာပေါ့။ တစ်ည ရိုက်နှတ်ပြိး ကလေးကို အိမ်အပြင်မှာ ညလုံးပေါက်ထုတ်ထားရာကနေ ကလေးက ဒီလိုဖြစ်သွားရတာ"

"အမလေး.. ရက်စက်လိုက်တာရှင်"

"ဟုတ်ပ...အဲဒါကိုတောင် သူက ကလေးက ကစားမက်ပြီးဖြစ်ရတာပေါ့..ခုတော့ သူပဲ ပြုစုနေရပါတယ် ဘာညာနဲ့ လူတွေက ကလေးကို သနားတော့ ပေးကြကမ်းကြသူတို့ပဲ အိမ်ထဲ ဖွက်စားသောက်နေကြတာ"

"ဒါကို လူတွေက မသိဘူးလားရှင်..."
"သိတာပေါ့ အမရယ်... သိပေမဲ့လဲ ဒီကလေးမလေး နည်းနည်းစားရလဲ မဆိုးဘူးဆိုပြီး ပေးနေကြတာလေ"

ဒုက္ခပါပဲရှင် ကြားရတာတွေက စိတ်ဆင်းရဲစရာကောင်းလိုက်တာ"
...............

အဲဒီနေ့ညက ကျွန်မ တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ ဒုက္ခိတ ကောင်မလေးကို အရင်လို ပြန်ဖြစ်ဖို့ရော ဘယ်လောက်အချိန်ယူကုသရဦးမလဲ..။ ဘယ်သူကရော တာဝန်ယူ ကုသပေးမှာလဲ။ အခန်းထဲအမြဲ ပိတ်ခံထားရတဲ့ အဘွားကြီးကိုရော ဘယ်တော့မှ အပြင်ပြန်ပေးထွက်မှာလဲ။ ဟိုကောင်လေးကျော်ဖေကရော သူ့ညီမလေးလို့ သဘောထားပြီး ကောင်မလေးကို အကိုတစ်ယောက်လို ကောင်းကောင်း မဆက်ဆံနိုင်ဘူးလား။ သူ့ညီမလေးကို နှိပ်စက်နေတာတွေ ဘယ်တော့မှ ရပ်တော့မှာလဲ။ ဒေါ်စိန်သီးကရော ဘယ်တော့မှ မိခင်ကောင်း တစ်ယောက်ဖြစ်လာမလဲ။ ဦးနိုင်အောင်ဖေကရော ဘယ်တော့မှ မိန်းမပြောစကားကို တွန်းလှန်နိုင်ပြီး ဖခင်ကောင်းတစ်ယောက်လို ကျင့်ကြံသွားနိုင်မလဲ။ ကျွန်မကရောဘယ်တော့မှ ဒီအတွေးတွေထဲက ရုန်းထွက်နိုင်ပါတော့မလဲ...။
ဘယ်တော့မှ ဒီအတွေးတွေထဲက ရုန်းထွက်ပြီး ဒီအိမ်ယာမိသားစုလေးကို လက်တွေ့ကျကျ ကူညီနိုင်တော့မှာလဲ လို့ တွေးရင်းနဲ့ပဲ......................။

ကျေးဇူးတင်ပါတယ်။

No comments: