Sunday, June 22, 2008

ပင်လယ်ရေနဲ့မျောတဲ့ မျက်ရည်များ

တစ်ရက် သူငယ်ချင်းအိမ်သွားအိပ်တော့ သူတို့မိသားစုပြောနေတဲ့ အကြောင်းအရာက လူကို အတော်ထိတ်လန့်သွားစေပါတယ်။ အားပြင်းတဲ့ မုန်တိုင်းတစ်ခု ရန်ကုန်နဲ့ ပဲခူးကို ဗဟိုပြုပြီး တိုက်နိုင်တယ်ဆိုတာပါပဲ။ မိသားစုကလဲ လက်တလော ရန်ကုန် ပဲခူးကြားမှာရောက်နေတော့ စိုးရိန်စိတ်က အထွတ်အထိပ်ရောက်ရပြီပေါ့။
အဲဒါနဲ့ ဖုန်းဆက်ကြည့်တော့ ဖုန်းဝင်သွားတယ်။ အဲ...တော်သေးပါတယ်ပေါ့လေ။ ခဏကြာ ဖုန်းချပြီးတော့ ပြောစရာနည်းနည်းကျန်တာသတိရလို့ ပြန်ခေါ်ဖို့ကြိုးစားတော့ မရတော့ပါဘူး။ ဘယ်လိုမှကို ကြိုးစားလို့မရတော့တာပါ။
ဒီလိုနဲ့ နောက်နေ့ (၃ မေ ၂၀၀၈) မနက်မှာပဲ သတင်းတွေ စ၀င်လာပါတယ်။ မြန်မာပြည်ကို မုန်တိုင်းဝင်သွားတယ်ပေါ့လေ။ အဓိကကတော့ စလောင်းတွေကျတယ်. အိမ်အမိုးတွေလန်တယ်တဲ့။ ဟာ ... အဲဒီလောက်တောင် ကြမ်းသလားဆိုပြီး စိုးရိမ်စိတ်ကဖြစ်မိသေး။ နောက်နေ့ကြတော့ လူ ၃၃ ယောက်လောက်သေတယ်ဆိုတော့ အရမ်းစိတ်မကောင်းဖြစ်သွားတယ်..။ ဘုရားရေ သူတို့ မိသားစုတွေတော့ ပူဆွေးနေရရှာတော့မှာပဲဆိုပြီး ကိုယ်ချင်းလဲ စာမိပါရဲ့။
နောက်တစ်ဖြည်းဖြည်း ဒါဘာဟုတ်သးလို့လဲ ဆိုတာမျိုး ဖြစ်လာပါတယ်။ လူသေတာတွေက ၃၃ ကနေ ၃၅၀၊ ၃၅၀ကနေ ၂၂၀၀ တဲ့၊ အဲဒွကနေ ၅၀၀၀ ကျော်အထိကြားလာရတယ်...နောက်တစ်ဖြည်းဖြည်း ၂၂၀၀၀၊ ၅၀၀၀၀နဲ့ တနေ့ (၉ မေ ၂၀၀၈) က ကြားရတဲ့ သေနှုံးကတော့ အတော်ကို သွေးပျက်စရာ ကောင်းပါတယ်။ တစ်သိန်းကျော်ပြီတဲ့။ သတင်းမှားပါစေဆုတောင်းနေတာ ဆုတောင်းမပြည်ခဲ့ပါဘူး။ ဒီနေ့ မနက်မှာတော့ သေဆုံးသူ ၅ သိန်းကျော်ပြီတဲ့။ ရှိသမျှ ဘုရားအကုန်ကို တမိတော့တာပါပဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘာလို့ ကျွန်မတို့ နိုင်ငံမှ ဖြစ်ရတာလဲ။
လူဆိုတာကတော့ မွေးထဲက အတ္တကိုယ်ဆီနဲ့ပါ။ ဒီလို သဘာဝကပ်ဆိုးမျုးနဲ့ မကလို့ ဘာအမှောက်ပယောဂကြောင့်နဲ့မှ ဘယ်သူ့ကိုမှ မသေစေချင်ပါဘူး။ သေရင်တောင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေကို မသေစေချင်ပါဘူး။ မြန်မာပြည်မှာ ဖြစ်ခဲ့ရင်တောင် ကိုယ့်ဒေသလေးမှမဖြစ်စေချင်ပါဘူး။ ကိုယ့်ဒေသဆိုရင်လဲ ကိုယ့်မိသားစု ဆွေမျိုး မိတ်ဆွေ။ ထားပါတော့.. ဘာတက်နိုင်မှာလဲ...ရွေးချယ်ပိုင်ခွင့်များရှိခဲ့ရင် မြန်မာပြည် ဒီအခြေအနေတောင် ရောက်ရမှာမဟုတ်ဘူး။
ဓါတ်ပုံတွေထဲမှာ သေနေလိုက်ကြတာဆိုတာ မြင်မကောင်းဘူး။ ကလေး လူကြီးတွေ တိရိစာန်တွေ။ ကလေးလေးတွေ အလောင်းလေးတွေများ ရေထဲမှာပေါ်နေလိုက်ကြတာ ကြည့်ရင်း ကြက်သီးတွေထပြီး မျက်ရည်တောင် ကျမိရဲ့။ ဧရာဝတီတိုင်းကတော့ အားလုံးထဲမှာ အဆိုးဆုံးကို ခံသွားရတာပါပဲ။ တချို့တွေများ မိသာစုတစ်စုလုံးသေပြီး တစ်ဦးထဲကျန်ခဲ့တာတွေကလဲ တစ်ပုံတစ်ခေါင်း။ မိဘသေလို့ ကျန်ခဲ့တဲ့ လူမမယ်ကလေးငယ်တွေ။ မိမိတို့ သားသမိးလေးတွေ လှိုင်းနဲ့ျြွောသွားတာကို ဘာမှ မတက်နိုင်ပဲ ရင်နာနာကြည့်နေရတဲ့ မိဘတွေ။ သူတို့ခံစားချက်ကို ကျွန်မတို့ အတွေးနဲ့တွေးကြည့်လို့မမှီနိုင်ပါဘူး။ သတင်းတွေ ဖတ်ရတာနဲ့တင် ရင်ထဲမှာ အရမ်းကိုနာရပါတယ်။
အဆိုးဆုံးကတော့ ကျွန်မတို့နိုင်ငံ လူစိတ်ကင်းမဲ့နေတဲ့ အစိုးရကြောင့် နလံမထူနိုင်အောင် ဆင်းရဲနေရတဲ့ကြားထဲ အဓိက စပါးအိုးကြီး ဧရာဝတီတိုင်းကလဲ နာဂစ်ဆိုတဲ့ ဂြိုလ်ဆိုးကြီးအောက်မှာ ပြားပြားဝပ်။ အသက်သွေးကြော ဧရာဝတီမြစ်ကြီးကလဲ အပုပ်နံ့တွေ တလှိုင်လှိုင်။ ဒီအခြေအနေထက်ဆိုးတာလဲ မရှိတော့လောက်ဘူး ထင်ပါရဲ့။ တစ်ခုတော့ စဉ်းစားမိတာ ရှိတယ်။ ဧရာဝတီတိုင်းက စပါးမသီးတော့လဲ ဘာအရေးလဲ ကျွန်မတို့နိုင်ငံမှာ အလွန်ချမ်းသာတဲ့ အစိုးရနဲ့ ကျွန်မတို့ဗိုလ်ချုပ်မှူးကြီးရဲ့ သမီး မသန္ဒာရွှေတစ်ယောက်လုံးရှိနေတာပဲဟာ။ ဧရာဝတီတိုင်းက စပါးပဲ သီးတာ ကျွန်မတို့ ဗိုလ်ချုပ်မှူးကြီးသမီးကတော့ စိန်တောင်သီးတာရှင့်။ ခူးလို့ပဲ မလွယ်တာ။

No comments: