Thursday, September 18, 2008

အဖေ

-ကြယ်ကြွေချိန်ဆုတောင်းတိုင်းသာ ဆုတောင်းပြည့်မယ်ဆိုရင်
မြန်မာပြည်မှာ ထမင်းငတ်သေတဲ့သူတွေ ရှိလာမှာမဟုတ်ဘူး အဖေ။

-ပြည့်ခဲ့ရင်တောင် ဘုရားပေးတဲ့ မျော်လင့်ချက်က မျက်စိတစ်မှိတ်ပါပဲ။
အဲဒီတော့ ကြယ်ကြွေတာ ထိုင်စောင့်နေမဲ့အစား လက်တွေ့ ကျကျရင်ဆိုင်ကြရအောင်လား။

-ကြယ်ကြွေခြင်းဟာ နောင်တပါပဲ အဖေ။ လွန်သွားမှ သိရတာမျိုးလေ။
လွယ်သလို လှုပ်ရှားနေကြပြီး လွန်မှနောင်တရတက်တာ လူ့ သဘာဝမို့ 
ဘယ်သူ့ ကိုမှအပြစ်မပြောရဲသလို ကိုယ်တိုင်လဲ နောင်တ တပွေ့ တပိုက်နဲ့ မို့ ပါ။

-ကျောင်းသွားခါနီးမှ လိုက်နိုးရင်း ၀ီရိယမရှိတဲ့ကလေးတွေလို့ 
အဖေ့ရဲ့ စေတနာအပြည့်နဲ့  စကားသံကို သမီးတို့  နားညည်းခဲ့ဖူးကြပါတယ်။

-ပန်းခင်းတဲ့လမ်းမှာ မလျောက်နိုင်စေခဲ့ပေမဲ့
နင်းလိုက်တိုင်းဖ၀ါးအောက်က အိစက်တဲ့အထိအတွေ့ ဟာ အဖေ့ နှလုံးသားကို ခင်းခဲ့တာဆိုရင်တော့
ဒီနောင်တတစ်ခုနဲ့ တင် သမီးတို့ သေသင့်ပါတယ်။

-အဖေ့ရဲ့ ဂရုစိုက်မှုကိုသာ တရားလွန်ခံယူချင်နေခဲ့ပြီး
အဖေ့စိတ်ချမ်းသာမှုအတွက်ကျတော့ သေနတ်ပစ်တိုင်း ကစားဖို့ လောက်တောင် စိတ်မ၀င်စားခဲ့ပါဘူး။

-အဖေ မစားရက်ပဲ ကြွေးခဲ့တဲ့ အစားအသောက်တွေက အရသာပိုရှိခဲ့ပါတယ်။

-အဖေမသုံးရက်ပဲပေးခဲ့တဲ့ အသုံးအဆောင်တွေက ပိုအသုံးဝင်ခဲ့ပါတယ်။

-အဖေ သိပ်ချစ်တဲ့ သားသမီးတွေက အဖေ့ကိုလဲ သိပ်ချစ်ခဲ့ပါတယ် အဖေ။
ဆိုးဆိုးရွားရွားကြီးကို အဖေ့ခံစားချက်ကို မသိတက်ခဲ့တာတစ်ခုပါပဲ။

-အခုဆိုရင် ကျောင်းမသွားခင် အဖေမထခင်ထပြီး
အဖေ့အတွက် မနက်စာလေးချက်ပေးချင်တယ် အဖေ။

-အဖေ ခြေချရာလမ်းတစ်လျောက်မှာ သမီးတို့ လက်ဖ၀ါးတွေကို ခုခံလို့ 
အဖေ့ နှလုံးသားကို အေးချမ်းစေချင်တယ် အဖေ။

-ဖြစ်နိုင်ရင် သမီးတို့ သိပ်ချစ်တဲ့အဖေ့ဆီက အပြုံးလေးတစ်ခုရဖို့ အရေး
သမီးအရာရာနဲ့ ရင်းပြီး ပေးဆပ်ရဲနေပြီ အဖေ။

-ဒါပေမဲ့...............................................
...............................................................

-ဒါပေမဲ့ သမီးဆုတောင်းဖို့  အသင့်မဖြစ်ခင်မှာပဲ
ကြယ်ကလေးကတော့ မျက်စိရှေ့က ကြွေပျောက်သွားပြီးပါပြီ အဖေ။

No comments: